Sunday, June 2, 2013

ပဋ္ဌာန်းတရား မှတ်ဖွယ်များ (ပဋ္ဌာန်းကျမ်းကြီး၏ပမာဏ)

ပဋ္ဌာန်းတရား မှတ်ဖွယ်များ (ပဋ္ဌာန်းကျမ်းကြီး၏ပမာဏ) ပဋ္ဌာန်းကျမ်းကြီး၏ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြ ရလျှင် ပါဠိတော်အုပ်ရေ (၅)အုပ်၊ စာမျက်နှာပေါင်း(၂၄၆၀)မျက်နှာရှိသည်၊ အသံမစဲ ရွတ်ဖတ်ရန်အချိန်(၁၃၂)နာရီ ကြာသည်။ (ပေယျာလ မြှုပ်ကွက်များကိုဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)


(ပဋ္ဌာန်း၏အနက်သဘောနှင့် နက်နဲခြင်း) ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။ ၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကိုအကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။ ၃။ သဗ္ဗညုတဉာဏ်တော်၏မထိမပါးလူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။


(ပဋ္ဌာန်းတရားတော်၏နက်နဲခြင်း၎-မျိုးရှိရာ ထို ၄-မျိုးမှာ) ၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရစကားလုံး၊ ပုဒ်၊ဝါကျတို့၏နက်နဲခြင်း။ ၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ် သဘော၏နက်နဲခြင်း။ ၃။ ဒေသနာဂမ္ဘီရ=ဟောပုံဟောနည်းအစီအစဉ် နက်နဲခြင်း။ ၄။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏နက်နဲခြင်းတို့ ဖြစ်ပါသည်။


(ပဋ္ဌာန်းတရား ဟောကြားခဲ့ခြင်းနှင့် တန်ခိုးကြီးရခြင်း) မြတ်စွာဘုရားသည်ဤပဋ္ဌာန်းတရားတော်ကို ဟောကြားခဲ့ခြင်း မှာ---၁။ မြတ်စွာဘုရားသခင်သက်တော် (၄၂)နှစ်၊ဝါတော် (၇)ဝါမြောက်တွင် ဟောကြားခဲ့သည်။ ၂။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်းပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ဟောကြားခဲ့သည်။ ၃။ နတ်ဗြဟ္မာပရိသတ်အားဟောကြားခဲ့သည်။ ၄။ မယ်တော်မိနတ်သားအားနို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်းဖြစ်သည်။


ပဋ္ဌာန်းတရားတော်သည် အစွမ်းထက်၊ တန်ခိုးထက်သော တရားတော် ဖြစ်ပါသည်။ဤသို့လျှင် တန်ခိုးကြီးရခြင်းမှာလည်း ဂုဏ်ရည် ၃-ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ထို့ဂုဏ်ရည် ၃-ပါးမှာ---၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။ ၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား ဖြစ်ခြင်း။ ၃။ သာသနာ တည်တံ့ရေးအတွက်ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းတို့မှာ ပဋ္ဌာန်းတရားတော်၏ဂုဏ်ရည်များဖြစ်ပါသည်။


(၂၄)ပစ္စည်းကို လောကဥပမာများနှင့်ပြထားပါသည်။ ၁။ ဟေတု ပစ္စယော=အကြောင်းဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ရေသောက်မြစ်နှင့်တူ၏) ၂။ အာရမ္မဏ ပစ္စယော=အာရုံဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (တောင်ဝှေး, ကြိုးတန်းနှင့် တူ၏) ၃။ အဓိပတိ ပစ္စယော=အကြီးအကဲဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (စကြာမင်းအုပ်စိုးပုံနှင့်တူ၏) ၄။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (စကြာမင်းနတ်ရွာသံ၍သားကြီး အမွေဆက်ခံပုံနှင့်တူ၏) ၅။ သမနန္တရ ပစ္စယော=ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (စကြာမင်းတောထွက်၍သားကြီး အမွေဆက်ခံပုံနှင့်တူ၏) ၆။ သဟဇာတ ပစ္စယော=အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ဆီမီးတောက်လာသော် အလင်းရောင်ဖြစ်ပေါ်လာပုံနှင့် တူ၏) ၇။ အညမည ပစ္စယော=အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ (သုံးချောင်းထောက်နှင့် တူ၏) ၈။ နိဿယ ပစ္စယော=မှီရာ တည်ရာဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (သစ်ပင်စိုက်ရာ မှီရာ-တည်ရာ မြေကြီးနှင့် တူ၏) ၉။ ဥပနိဿယ ပစ္စယော=အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မိုးတွင်းရွာချသည့် မိုးကြီးနှင့် တူ၏) ၁၀။ပုရေဇာတ ပစ္စယော=ရှေးဦးစွာဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (ကမ္ဘာဦးက နေ,လတိုနှင့် တူ၏) ၁၁။ပစ္ဆာဇာတ ပစ္စယော=နောက်မှဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (ပေါက်ခါစ လင်းတငယ်လေးများအစာမျှော်နေပုံနှင့် တူ၏) ၁၂။အာသေဝန ပစ္စယော=အထပ်ထပ် မှီဝဲအပ်၊ ထုံအပ်သည်ဖြစ်၍ကျေးဇူးပြု တတ်သောတရား။(ရှေးရှေးထုံထားအပ်သော နံ့သာ, ရှေးရှေးသင်အံလေ့ကျက် ထားအပ်သော စာပေကျမ်းဂန်တို့နှင့် တူ၏) ၁၃။ကမ္မ ပစ္စယော=အကြောင်းကံဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (မျိုးစေ့နှင့် တူ၏) ၁၄။ဝိပါက ပစ္စယော=အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ချမ်းအေးသော လေသည် ချမ်းအေးသောအရိပ်၌နေသူအား ချမ်းအေးစေခြင်းငှါ ကျေးဇူးပြုပုံနှင့် တူ၏) ၁၅။အာဟာရပစ္စယော=ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။(ပြိုမည့်အိမ်ကိုထောက်ကန်ထားသည့် ထောက်ကျားနှင့် တူ၏) ၁၆။ဣန္ဒြိယ ပစ္စယော=အစိုးရသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (မှူးမတ်များနှင့်တူ၏။ပဒေသရာဇ် ဘုရင်နှင့်တူ၏) ၁၇။ဈာန ပစ္စယော=ကပ်၍စူးစူးစိုက်စိုက်ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ် သောတရား။(သစ်ပင်ထိပ်ဖျား,တောင်ထိပ်ဖျားပေါ်သို့ တက်ကြည့်သူနှင့်တူ၏) ၁၈။မဂ္ဂ ပစ္စယော=ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။(လမ်းနှင့် တူ၏။ကောင်းတဲ့လမ်းမကောင်းတဲ့လမ်း-ဟူ၍ နှစ်မျိုးရှိသကဲ့သို့ မဂ္ဂမည်သော တရားသည်လည်းကောင်းတဲ့တရား မကောင်းတဲ့တရားဟူ၍ နှစ်မျိုးရှိသည်) ၁၉။သမ္ပယုတ္တ ပစ္စယော=ယှဉ်တွဲ၍ကျေးဇူးပြုတတ်သောတရား။ (စတုမဓု ရောစပ်မှုနှင့် တူ၏) ၂၀။ဝိပ္ပယုတ္တ ပစ္စယော=မယဉ်မတွဲမူ၍ ကျေးဇူးပြုတတ်သောတရား။ (အချို, အချဉ်,အစပ်,အဖန်,အငန်,အခါးအရသာခြောက်ပါးနှ င့် တူ၏) ၂၁။အတ္ထိ ပစ္စယော=ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မြေကြီး, မြင့်မိုရ်တောင်သည် မြက်, သစ်ပင်တို့အား ထောက်ပံ့ပုံနှင့်တူ၏) ၂၂။နတ္ထိ ပစ္စယော=ထင်ရှားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ဆီမီးငြိမ်းသွားပုံနှင့် တူ၏) ၂၃။ဝိဂတ ပစ္စယော=ကင်းကွာသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (နေရောင် ကွယ်ပျောက်,လရောင် ရောက်လာပုံနှင့်တူ၏) ၂၄။အဝိဂတ ပစ္စယော=မကင်းမကွာမူ၍ ကျေးဇူးပြုတတ်သောတရား။ (မဟာသမုဒ္ဒရာ ရေသည် ငါး,လိပ်တို့အားမကင်းမကွာဘဲ ကျေးဇူးပြုပုံနှင့် တူ၏)


ပဋ္ဌာန်းကွယ်လျှင် သာသနာကွယ်လိမ့်မည်။ပဋ္ဌာန်းတန်ခိုး၊ ပဋ္ဌာန်းအကျိုးများကို လက်တွေ့သိရှိခံစားကြရပါသည်။ မြန်မာပြည် တနံတလျားရှိ ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ကျေးရွာ၊နယ်ပယ်၊ မြို့ပြများတွင်“သက်ဝင်ယုံကြည် သဒ္ဓါမှီပြီးအရှည်ခိုင်မြဲ ပဋ္ဌာန်းပွဲကို ကျင်းပပူဇော်ကြပါက မုန်တိုင်းမမွှေ,ပဋ္ဌာန်းမြေသို့, ဆန်ရေစပါး,ပေါ ကြွယ်များပြီး, စီးပွားဥစ္စာ,တိုးတက်ကာဖြင့်,ရပ်ရွာအေးချမ်း, ဘေးမသန်းဘဲ, စိတ်ဝမ်းကြည်သာ,ရှိကြမည်မှာ, မလွဲဧကန်,ဖြစ်ပါသည်။


* အတုမရှိ၊မြတ်မုနိ၏ အဘိဓမ္မာ၊ မြတ်သြဇာတွင် ရသာဆီနှစ်၊ပဋ္ဌာန်းဖြစ်၏။ * သာသနာသုံးရပ်၊ မြဲခိုင်မတ်ဖို့ ခံတပ်ဆောက်တည်၊ ပဋ္ဌာန်းစည်ကို မြည်သံဟိန်းဟိန်း၊ မိုးသို့ခြိမ်းလျက် စောင့်ထိန်းဘာသာ၊သာသနာသည် ကမ္ဘာထွင်း၍ လင်းပါစေ---ဝဠာချင်း၍ဝင်းပါစေ---


No comments:

Post a Comment