Sunday, November 24, 2013

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း …. <><><><><><><><><><><><><><><><><> ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးေ သာ ဘုရားရှင်များကု နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။ ၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “ ၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ” ၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ” ၄။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ” ၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ” - ဟု ခေါ် ဝေါ်ကြသည်။ (၂၈) ဆူသော ဘုရားများရေတွက်ပုံ


” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် -ဘုရား (၄) ဆူ ” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် -ဘုရား (၆) ဆူ ” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် -ဘုရား (၆) ဆူ ” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ ” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် -ဘုရား (၅) ဆူ သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။


ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ


၁) တဏှင်္ကရာ ဘုရားရှင် ၂) မေဓင်္ဂရာ ဘုရားရှင် ၃) သရဏှင်္ဂရာ ဘုရားရှင် ၄) ဒီပင်္ကရာ ဘုရားရှင် ၅) ကောဏ္ဍည ဘုရားရှင် ၆) မင်္ဂလ ဘုရားရှင် ၇) သုမန ဘုရားရှင် ၈) ရေ၀တ ဘုရားရှင် ၉) သောဘိတ ဘုရားရှင် ၁၀) အနောမဒဿီ ဘုရားရှင် ၁၁) ပဒုမ ဘုရားရှင် ၁၂) နာရဒ ဘုရားရှင် ၁၃) ပဒုမုတ္တရ ဘုရားရှင် ၁၄) သုမေဓာ ဘုရားရှင် ၁၅) သုဇာတာ ဘုရားရှင် ၁၆) ပိယဒဿီ ဘုရားရှင် ၁၇) အတ္ထဒဿီ ဘုရားရှင် ၁၈) ဓမ္မဒဿီဘုရားရှင် ၁၉) သိဒ္ဓတ္ထ ဘုရားရှင် ၂၀) တိဿ ဘုရားရှင် ၂၁) ဖုဿ ဘုရားရှင် ၂၂) ၀ိပဿီ ဘုရားရှင် ၂၃) သိခီ ဘုရားရှင် ၂၄) ဝေဿဘူ ဘုရားရှင် ၂၅) ကကုသန် ဘုရားရှင် ၂၆) ကောဏဂုံ ဘုရားရှင် ၂၇) ကဿပ ဘုရားရှင် ၂၈) ဂေါတမ ဘုရားရှင်


"သစ္စာလေးပါး ဖြစ်ပေါ်ပုံ လက်တွေ့ရှင်းလင်းချက်''

"သစ္စာလေးပါး ဖြစ်ပေါ်ပုံ လက်တွေ့ရှင်းလင်းချက်" ••••••••••••••••••••••••••••••••••••••••• “မင်းတို့တွေက သစ္စာ၊ သစ္စာနှင့် သစ္စာကို တခြားမှာ သွားရှာရမှာမဟုတ်ဘူးကွ၊ ကိုယ့်ခန္ဓာထဲမှာပဲရှာရမှာ” ဟု မိန့်ကာ သစ္စာပေါ်ပုံကိုအောက်ပါအတိုင်း ရှင်းပြတော်မူပါ သည်။


ဥပမာ-ထမင်းဆာလာတယ်ဆိုပါဆို့။ ဆာလာတာဟာသုခလား၊ ဒုက္ခလား(ဒုက္ခပါဘုရား)


အေး-ဆာလာတာဟာဒုက္ခပေါ့၊ ဒုက္ခသစ္စာကိုပြတာ။ရုပ်ပါညှိုးလာတယ်။ အဲဒီဆာတာကို“ဒုက္ခသစ္စာ”ပဲလို့နောက်ကနေ ဥာဏ်လိုက်ပေး၊ဥာဏ်နှင့်သိလိုက်ပါ။ အဲဒီတော့ ဆာတာက ဒုက္ခသစ္စာ၊ (ဆာလောင်တဲ့ သဘောကို၊ ဆာလောင်လို့ ဒုက္ခရောက်တဲ့ သဘောကို) ပြောတာနော်၊ ဒုက္ခသစ္စာပဲလို့ သိတာက မဂ္ဂသစ္စာ။


♦ ဆာတာကဘာတဲ့၊(ဒုက္ခသစ္စာပါဘုရား)။ ♦ သိတာက (မဂ္ဂသစ္စာပါဘုရား)။


အေး-အဲဒီလိုဆာလောင်မွတ်သိပ်တော့ “ကျွေးဦးမှပဲ”ဆိုတဲ့ခန္ဓာကို ခင်တဲ့ "သမုဒယသစ္စာ" လာတယ်။ အဲဒါကိုလည်း သိအောင်လုပ်ရမယ်။(မှန်ပါ)။


ငါ့မှာ"သမုဒယသစ္စာ" လာနေပြီလို့သိပေး။ မဂ်ကသိပေး၊ သမုဒယက သမုဒယသစ္စာ၊ သိတာကဘာလဲ။ (မဂ္ဂသစ္စာ)။


အေး- အဲဒီလို သိနေတဲ့ အခိုက်အတန့် အချိန်ကလေးမှာ ဆာလောင်မွတ်သိပ်တဲ့ စိတ်ရှိသေးလား။(မရှိတော့ပါဘုရား)။


နာမ်တရားတို့မည်သည် တစ်ချိန်တည်းမှာ နှစ်ခုပြိုင်ဖြစ်ရိုးမရှိကြဘူး။ တစ်ခုစီဖြစ်ကြရတာ။


ဒါကြောင့် သိတဲ့နာမ်တရား ပေါ်တဲ့အခိုက်မှာ ဆာလောင်တဲ့ စိတ်ကလေး ပျောက်ကွယ်ပေးရတယ်။


ဟာ-အဲဒီပျောက်ကွယ်တာလေးက ဘာပါလိမ့်။ (နိရောဓပါဘုရား) ။ အေး-ဟုတ်တယ်။ နိရောဓသစ္စာပေါ့။


အဲဒီနိရောဓသစ္စာကိုလည်း သိပေးရမှာပဲ။ ချုပ်ပျောက်သွားတာ နိရောဓသစ္စာ၊ သိတာက၊ (မဂ္ဂသစ္စာ)။


အေး၊ မင်းတို့တွေ၊ ဣရိယာပုတ် တစ်ခုပေါ်တိုင်း ပေါ်တိုင်း သိနေမယ်ဆိုလို့ရှိရင် သစ္စာ(၄)ချက် ဖြစ်နေတော့တာပါပဲ။


(မိုးကုတ်ဆရာတော်ဘုရားကြီး)


ဓမ္မဒါနအဖြစ် Myawady News မှကူးယူဖေါ်ပြသည်