Friday, March 7, 2014

ဆရာတော်ဘုရားကြီးများ၏ မှတ်သားလိုက်နာကျင့်သုံးရန် ဆုံးမ သြဝါဒတော်များ

ဆရာတော်ဘုရားကြီးများ၏

မှတ်သားလိုက်နာကျင့်သုံးရန်

ဆုံးမ သြဝါဒတော်များ။ ---------------------------------

ဒါနစေတနာဟူသည် *************************

အချို့သောသူတို့ကားဒါနကုသိုလ် မဂ်ဖိုလ်သို့ မ ဆောင် နိုင်၊ သံသရာ ရှည်ဖို့ဖြစ်၏။ အကြောင်းမူကားဒါနမည်သည် စေတနာတရား ပေတည်း။ ထိုစေတနာတရားသည်မဂ္ဂင် ရှစ်ပါးတို့တွင် တစ်စုံတစ်ခုသောမဂ္ဂင်၌ မပါမဝင်။ မဂ်မျိုးဖိုလ်မျိုးမဟုတ်ဟု ဆိုကြ၏။

မိုက်လေစွ။ မှားလေစွ။ အဘယ်ကြောင့်ဆိုသော်… ထိုဒါနစေတနာမှာ နိဗ္ဗိဒါဉာဏ်သည်ဦးစီးလျက်ရှိ၏။ ထိုဉာဏ်သည် မဂ္ဂင် ရှစ်ပါးတွင်သမ္မာဒိဋ္ဌိဟူသောဦးတည် ရာ မဂ္ဂင်ကြီးမျိုးဖြစ်၏။

ထိုဒါနစေတနာနှင့် ယှဉ်သော သင်္ကပ္ပတရား၊ဝီရိယတရား၊ သတိတရား၊သမာဓိတရားများသည်မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါယာမ၊ သမ္မာသင်္ကပ္ပ၊သမ္မာသတိ၊ သမ္မာသတိဟူသောမဂ္ဂင် တရားမျိုးဖြစ်၏။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

……………………………………

မသူတော်ကြောင့် မတုန်လှုပ်သင့် *************************************

သမုဒ္ဒရာရေဟာ မီးကြောင့်မကျွမ်းဘူး။

မြင့်မိုရ်တောင်ဟာ လေကြောင့်မတုန်လှုပ်ဘူး။

ကျောက်ခဲဟာလည်းရေကြောင့် မကြေဘူး။

ဒီလိုပဲ။ သူတော်ကောင်းဟာလည်း

မသူတော်ဖျက်တာကိုမတုန်လှုပ်သင့်ဘူး။

ကျေးဇူးတော်ရှင် အရှင် ဇနကာဘိဝံသဆရာတော်ဘုရားကြီး။

………………………………………

မိတ်ဆွေလားရန်သူလား ****************************

ကုသိုလ်ကောင်းမှုကိုမမေ့တဲ့အတွက်

ကိုယ်ဟာကိုယ့်မိတ်ဆွေ ဖြစ်သွားပြီ။

မကောင်းမှုလုပ်တဲ့သူတွေ အဖို့တော့

ကိုယ်ဟာကိုယ့်ရဲ့ ရန်သူပဲ။

ရန်သူက ဒုက္ခ ပေးတယ်။

မိတ်ဆွေက ကူညီတယ်။

မိတ်ဆွေ မဟုတ်ဘဲရန်သူ ဖြစ်နေရင်

ဘယ်ကောင်းတော့မလဲနော်။

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး။

…………………………………

အကြောက်တရားနှစ်မျိုး ****************************

ကြောက်လန့်ခြင်းသည် ကြောက်သင့်ရာ၌ ကြောက်ခြင်းကားအကျိုးရှိ၏။ အပြစ်ကင်း၏။

မကြောက်သင့်ရာ၌ အရမ်းကာရော တွေးတော ကြောက်ခြင်းကားအကျိုးမရှိ။ အပြစ်သာများ၏။

ထို့ထက်ကောင်းသည်ကား… သံဝေဂနှင့် ယှဉ်၍ ကြည့်တတ်သော ကြောက်လန့်ခြင်းသည် ပိုမိုအကျိုးများလေသည်။

ကျေးဇူးတော်ရှင်တောင်တန်းသာသနာပြု ဦးဥတ္တမသာရ ဆရာတော်ဘုရားကြီး။

……………………………………

သိဒ္ဓိ ဟူသည် *****************

သိဒ္ဓိ ဆိုတာ ပြီးစီးပြည့်စုံတာကိုခေါ်တာ။ ပြီးစီးအောင် ပြည့်စုံအောင်ဆိုတာ လုပ်သင့် လုပ်ထိုက်တာတွေကိုလုပ် ရတယ်။ဆရာတော် တောင်ပေါ်မှာ အခုပြည့်စုံနေတာဟာလည်းလုပ်သင့် လုပ်ထိုက်တာကိုလုပ်လို့ပဲ။

လာလာသမျှပရိသတ်တွေကို တစ်နေ့တစ်နေ့ဆန် ရှစ်အိတ်ချက်လောက်နေ့စဉ်ကျွေးထားနိုင်တာလည်း ကျွေးနေလို့ ကျွေးနိုင်တာ။ မကျွေးရင် ကျွေးစရာကလည်း ဘယ်ကမှ ရောက်မလာဘူး။ လှူနိုင်တယ်ဆိုတာ လှူနေလို့ပဲ။ ဒါန၊သီလ၊ ဘာဝနာမပါဘဲ အလိုလို မပြီးနိုင် ဘူး။

ကျေးဇူးတော်ရှင် သာမညဆရာတော်ဘုရားကြီး။

……………………………………

ဓမ္မဝိနယ ဘာသာ *********************

တို့ဗုဒ္ဓဘာသာက ဓမ္မဝိနယ ဘာသာပါ။ ဓမ္မဝိနယဘာသာဆိုတာတရားသဖြင့် ကြောင်းကျိုးဖော်ပြပြီးဆုံးမသြဝါဒပေးတာ တွေကို နာယူပြီးကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ ယုံကြည်လိုက်နာ ကျင့်ကြံရတဲ့ ဘာသာပါ။

ထိုဗုဒ္ဓဘာသာ တရားတော်ကမျက်မှောက် ချမ်းသာပေးတဲ့ တရားတော်ပါ။ သေပြီးဟိုဘဝ ရောက်မှ ချမ်းသာရမယ့်တရားမဟုတ်ဘူး။

ပြီးတော့ တို့ဗုဒ္ဓတရားတော်တွေဟာ ဆုတောင်းလို့ရတဲ့တရားတော်တွေမဟုတ်ပါ။ လက်တွေ့လုပ်မှ ရတဲ့တရားတော်တွေပါ။

ကျေးဇူးတော်ရှင်ဓမ္မဒူတ အရှင် ပညာဇောတ ဆရာတော်ဘုရားကြီး။

………………………………………

မင်းနန် (မော်ကျွန်း) ၏ "ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်" စာအုပ်မှ ကောက်နှုတ် ကူးယူပူဇော် မျှဝေပါသည်။