အဓမ္မရာဂါ,ဝိသမလောဘ,မိစ္ဆာဓမ္မ တွင်ပါဝင်သော ကာမဂုဏ်လိုက်စားခြင်း( မိစ္ဆာဓမ္မ =ယောက်ျားချင်း၊ မိန်းမချင်း၊ လိင်တူဆက်ဆံမှု)
လောက၌ မိစ္ဆာဒိဋ္ဌိဟူသော အမြင်လွဲမှားမှုကြီး ပေါ်ထွန်းပြန့်ပွားလာမှုကြောင့် လူတို့သက်တမ်းနှင့် အဆင်းတို့ ဆုတ်ယုတ်သည်ထက်ဆုတ်ယုတ်လာရာ အနှစ်ငါးရာတမ်းသို့ရောက်လာကြတော့၏။ထိုအခါ လူ့လောက၌ မကောင်းသောတရား(၃)မျိုးတို့ ဖြစ်ပေါ်လာကြကုန်၏။ ယင်းတို့ကား-(၁) အဓမ္မရာဂ=အမိ, အဒေါ်, အရီး, ကြီးတော် စသူတို့ပေါ်၌ တပ်မက်စွဲလမ်းမှု။ (၂) ဝိသမလောဘ=မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူး လိုက်စားမှု။ (၃) မိစ္ဆာဓမ္မ =ယောက်ျားချင်း၊ မိန်းမချင်း၊ လိင်တူ ဆက်ဆံမှုတို့တည်း။ *ငါးရာတမ်းမှာ၊ ဖြစ်ပေါ်လာ၊ သုံးဖြာအယုတ်တရား။ မိစ္ဆာဓမ္မ၊ ဝိသမ၊ အဓမ္မရာဂများ။
ရိုသေမှုကင်း ဤသို့ အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မဟူသော လွန်စွာယုတ်ညံ့သောတရားများ လူ့လောက၌ ဖြစ်ပေါ်ပြန့်ပွားလာသောအခါ သက်တမ်းနှင့် ရုပ်အဆင်းတို့လည်း ပို၍ပို၍ ဆုတ်ယုတ်လာတော့၏။ ဤသို့ဖြင့် အချို့သူတို့ အနှစ် ၂၅၀-တမ်း အချို့ အနှစ် ၂၀၀-တမ်းသို့ရောက်လျှင်--(၁) အမိအပေါ်၌ ကောင်းစွာပြုရမည့်ဝတ္တရားတို့ကို မပြုခြင်း။ (၂) အဖအပေါ်၌ ကောင်းစွာပြုရမည့်ဝတ္တရားတို့ကို မပြုခြင်း။ (၃) သမဏတို့အပေါ်၌ ကောင်းစွာပြုရမည့်ဝတ္တရားတို့ကို မပြုခြင်း။ (၄) ဗြာဟ္မဏတို့အပေါ်၌ ကောင်းစွာပြုရမည့်ဝတ္တရားတို့ကို မပြုခြင်း။ (၅) အမျိုး၌ ကြီးသူတို့ကိုရိုသေတုပ်ဝပ်မှုမပြုခြင်း ဟူသော အဂါရဝ သဘောတရားတို့ ဖြစ်ပေါ်ပြန့်ပွားလာတော့၏။ *သက်တမ်းနှစ်ရာ၊ ကာလမှာ၊ လူ့ရွာဖြစ်ပုံခင်း။ အမိအဖ၊ သမဏနှင့်၊ ဗြာဟ္မဏဟူ၊ ကြီးသူအပေါ်၊ ကျင့်ဝတ်ချော်၊ မလျောဂါရဝကင်း။
ဒုစရိုက်မျိုးစုံ သက်တမ်း ၂၀၀-ကာလမှစ၍ လူ့လောကတွင် ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ အပြည့်အစုံဖြစ်နေရုံမျှမက အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတို့နှင့်အမိအဖ ရဟန်းပုဏ္ဏား စသူတို့အပေါ်၌ ထားအပ်သော ဂါရဝတရားတို့လည်း ပျက်သုဉ်းခဲ့လေပြီ။ သည်ထက်တိုး၍ဖြစ်စရာ ဒုစရိုက်တရားတို့မရှိကြပြီ။ ထိုဒုစရိုက်အယုတ်တရားတို့သာ ပို၍ပို၍ကြမ်းလာ ပို၍ပို၍ရမ်းလာဖ ရှိတော့သည်။ ဤသို့ ဒုစရိုက် အယုတ်တရားတို့ အဖြစ်များလာသည်နှင့်အမျှ သူ့အသက်သတ်ခြင်း ရှောင်ကြဉ်မှု ပါဏာတိပါတဝိရတီ၊ သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော ကာယသုစရိုက်သုံးပါး၊ လိမ်လည်လှည့်စား ခြင်းမှရှောင်ကြဉ်မှုမုသာဝါဒဝိရတီ၊ အချက်ပျက်အောင်ကုန်းတိုက်ခြင်းမှရှောင်ကြဉ်မှုဝိသုဏဝါစာဝိရတီ၊ ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ပြောဆိုခြင်းမှရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝါရတီဟူသော ဝစီသုစရိုက်လေးပါး။ သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုခြင်းမှရှောင်ကြဉ်မှုအနဘိဇ္ဈာ၊ သူတစ်ပါးမပျက်စီးစေလိုမှုအဗျာပါဒ၊ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဟူသော မနောသုစရိုက်သုံးပါး။ ဤဆယ်ပါးသော သုစရိုက်အကျင့်တရားတို့ ဆုတ်ယုတ်လာကြရကုန်၏။ ထို့ကြောင့် လူတို့၏သက်တမ်းတို့လည်း တဖြည်းဖြည်း ပို၍ပို၍ ဆုတ်ယုတ်လာကာ ၁၀-နှစ်တမ်းသို့ရောက်လာပေလိမ့်မ ည်။
credit to- ကထိက ရဟန်း
မေတ္တာဖြင့်စုစည်းမျှဝေသူ အနှိုင်းမဲ့စာတိုပေစများ www.infinitydhamma.com
No comments:
Post a Comment