Monday, February 24, 2014

လေးကျွန်းတစ်မြင်းမိုရ် အယူအဆ

လေးကျွန်းတစ်မြင်းမိုရ် အယူအဆ

“ဒုတိယမေးခွန်းက အဝိုင်းနှင့်လေးထောင့်ဆိုသလို ဖြစ်နေတယ်ကွယ့်”

“ဘယ်လို အဝိုင်းနှင့်လေးထောင့်ပါလဲ ဘုရား”

“လောကမှာ အဝိုင်းအဝိုင်းချင်းသာ အံဝင်ခွင်ကျဖြစ် တယ်၊ အဝိုင်းနှင့်လေးထောင့်ဟာ အံဝင်ခွင်ကျ မဖြစ်ဘူး၊ သည်ကမ္ဘာမြေကို လေ့လာကြရာမှာလည်း (၁) ရှေးရိုးအစဉ်အလာအရ လေ့လာခြင်း၊ (၂) သိပ္ပံနည်းအရ လေ့လာခြင်းလို့ နှစ်မျိုးရှိရာမှာ -

ရှေးရိုးအစဉ်အလာအရ လေ့လာတွေ့ရှိတာက ကမ္ဘာမြေပြင်ဟာ အပြားဖြစ်တယ်၊ ကမ္ဘာမြေရဲ့ အောက်က ရေခံတယ်၊ ရေရဲ့အောက် လေခံတယ် လေထုဟာ ယူဇနာပေါင်း ကိုးသိန်းခြောက် သောင်းရှိတယ်၊ လေထုရဲ့အထက်က ရေထုဟာ ယူဇနာပေါင်း လေးသိန်းရှစ်သောင်းရှိတယ်၊ ရေထုရဲ့ အထက်က မြေထုဟာ ယူဇနာပေါင်း နှစ်သိန်းလေးသောင်း ရှိတယ်၊ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်ကောတွေစီချထားသလို စကြဝဠာတောင်တွေ ခွေရစ်ပတ်ပြီး အစီအရီနေကြတယ်၊ စကြဝဠာ တစ်ခုအတွင်း နေတစ်စင်း လတစ်စင်းစီရှိကြတယ်၊ စကြဝဠာရဲ့အလယ်မှာ မြင်မိုရ်တောင်ရှိတယ်၊ မြင်းမိုရ်တောင်ကို တောင်စဉ် ခုနစ်ထပ်ကာရံထား တယ်၊ နေနှင့်လတို့ဟာ ယုဂန္ဓိုရ်တောင်နှင့်အမျှ ကောင်းကင်မှာ လက်ယာရစ် လှည်ပတ်နေကြတယ်၊ ထိုနေလတို့နှင့် အတူ နက္ခတ် (၁၇)လုံးတို့ဟာလည်း ကမ္ဘာမြေပြင်ရဲ့အ ထက်မှာ လှည့်ပတ်နေကြတယ်၊ နေမင်းဟာ ထိုနက္ခတ်များနှင့်အတူတကွ ယှဉ်သွားနေစဉ် နက္ခတ်ကိုမီအောင် မလိုက်နိုင်ဘဲ ရက်ပေါင်း ၃၀-လျှင် တစ်ရာသီနောက်ကျကျန်ရစ်တယ်၊ မိဿရာသီဦးမှာ နက္ခတ်နှင့်ယှဉ်တဲ့ နေမင်းဟာ မိန်ရာသီအဆုံးမှာ ရက်ပေါင်း (၃၆၅)ရက်ပြည့်လိ တစ်နှစ်လို့ သမုတ်ကြရတယ်၊ ယခုပြောခဲ့တာက ကမ္ဘာမြေနှင့် နက္ခတ်တာရာတို့အကြောင်း ရှေးရိုးအယူအဆဖြစ်တယ်။

သပ္ပံအယူအဆဟာ ရှေးရိုးအယူအဆနှင့်မတူဘူး၊ ရှေးရိုးအယူအဆမှာ ကမ္ဘာမြေက အောက်အရပ်မှာဖြစ်ပြီး နေလနက္ခတ်တာရာတို့က အထက်အရပ်က ဖြစ်ကြတယ်၊ သိပ္ပံအယူအဆကတော့ ကမ္ဘာမြေဟာ အပြားမဟုတ်ဘူး၊ အလုံးဖြစ်တယ်၊ ကမ္ဘာလုံးဟာ နေနှင့်နှိုင်းစာလျှင် အလွန်သေးငယ်တယ်၊ နေရဲ့အချင်းဟာ ကမ္ဘာရဲ့ အချင်းထက် အဆပေါင်း တစ်ရာ့တစ်ဆယ်ရှိတယ်၊ ကမ္ဘာလုံးရဲ့ အချင်းဟာ မိုင်ပေါင်း (၇၉၂၀)ခန့်သာရှိပြီး နေရဲ့အချင်းဟာ မိုင်ပေါင်း (၈၆၄၁၀၀)ခန့်ဖြစ်တယ်၊ ဒါကြောင့် ကမ္ဘာမြေရဲ့အလုံးပေါင်း တစ်သန်းသုံးသိန်း ပေါင်းပြီးလုံးပါမှ နေလုံးကိုမီလိမ့်မယ်၊ နေရဲ့အရွယ်ထုဟာ အလွန်ကြီးမားတယ်၊ ကမ္ဘာလုံးဟာ နေနှင့်မိုင်ပေါင်း ၉၃-သန်းခန့် ဝေးကွာပြီး ကောင်းကင်ပြင်မှ အခြားဂြိုလ်များ နှင့်အတူ နေကိုလှည့်ပတ်နေတယ်၊ အဲသည်လိုလှည့်ပတ်ရာမှာ ကမ္ဘာလုံးရဲ့ ပတ်လမ်းကြောင်းဟာ စက်ဝိုင်းတိတိမဟုတ်ဘဲ စက်ဝိုင်းအရှည်ပုံမျိုးဖြစ်နေတယ်၊ ဒါကြောင့် လမ်းကြောင်းအတိုင်းပတ်ရာမှာ အချို့နေရာများမှာ နေနှင့်မိုင်ပေါင်း သုံးသန်းခန့် ပိုနီးသွားတက်တယ်၊ အချို့နေရာမှာတော့ နေနှင့်ပိုဝေးသွားတက်ပါတယ်၊ ကမ္ဘာလုံးနှင့်နေဟာ ဇန်နဝါရီလ (၁) ရက်လောက်မှာ အနီးကပ်ဆုံးဖြစ်ပြီး ဇူလိုင်လ (၁)ရက်လောက်မှာ အဝေးကွာဆုံးဖြစ်တယ်။

နေစကြဝဠာအတွင်းမှာ ကမ္ဘာဟာ ဂြိုလ်တစ်လုံးမျှသာ ဖြစ်တယ်၊ နေက ရပ်တညနေပြီး ကမ္ဘာနှင့်တကွ ဂြိုလ်နက္ခတ်တာရာတို့ဟာ နေရဲ့ ဆွဲအားကြောင့် စကြာဝဠာအပြင်ဘက်ကို လွင့်စဉ်မသွားကြဘဲ နေို့ လှည့်ပတ်နေကြတယ်၊ ကမ္ဘာဂြိုလ်ဟာ နေကို ရက်ပေါင်း(၃၆၅)ရက်မှ တစ်ပတ်ပတ်မိတယ်၊ မိမိဝင်ရိုးပေါ်မှာ လည်တာက ၂၄-နာရီမှာ တစ်ပတ်ပတ်မိတယ်၊ ကမ္ဘာဂြိုလ်ဟာ အဝန်းအဝိုင်းဖြစ်သော်လည်း မိမိဝင်ရိုးပေါ် လည်ရာမှာ တည့်တည့်လာတာ မဟုတ်ဘဲ တစ်ဘက်သို့ စောင့်ငဲ့ပြီး လှည့်ပတ်နေတယ်၊ စောင့်ငဲ့လှတ်ပတ်မှုကြောင့် မြောက်ဝင်ရိုးစွန်း နယ်ပယ်များမှာ ခြောက်လနေထွက်ပြီး ခြောက်လ နေပျောက်တယ်လို့ ဆိုကြတယ်၊ အခုပြောခဲ့တာက သိပ္ပံ အယူအဆ ဖြစ်တယ်၊ သိပ္ပံ အယူအဆနှင့် ရှေးရိုးအယူအဆဟာ အခြေခံအစ စပြီး မတူညီဘူး၊ လေးထောင့်နှင့်အဝိုင်းဖြစ်ကြတယ်၊ လေးထောင့်နှင့် အဝိုင်းကို အံဝင်အောင်တော့ မတက်နိုင်ဘူး၊ သူ့နည်းနှင့်သူ မှတ်ယူပါလို့ပဲ အဖြေပေးလိုက်ပါရ စေ”

“သာဓု - သာဓု - သာဓု”

https://www.facebook.com/notes/ထေရဝါဒ-ရနံ့/ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ-အမေးအဖြေများ-အမှတ်စဉ်၇၀-လေးကျွန်းတစ်မြင်းမိုရ်-အယူအဆ/742962262394059

1 comment:

  1. သိပ္ပံအယူအဆလိုမသုံးစေချင်ပါဘူး။
    အခုအချိန်မှာ ကမ္ဘာဟာအလုံးကြီးဖြစ်တယ်ဆိုတာဟာ အယူဆသက်သက်မဟုတ်တော့တဲ့ လက်တွေ့ကြီးပါ။ ကမ္ဘာဟာပြားတယ်ဆိုတဲ့ အယူအဆကိုချေမှုန်းနိုင်ခဲ့တဲ့ လက်တွေ့ကျကျ သက်သေပြနိုင်အှုကြီးပါ။

    ReplyDelete