"ကဆုန် ညောင်ရေသွန်းပွဲတော်" •••••••••••••••••••••••••••• ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
ထိုနေ့၏ထူးခြားချက်များကား
၁။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။ မဟာသက္ကရာဇ် (၆၈)ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
၃။ မဟာသက္ကရာဇ် (၁၀၃) ခုကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော်သည သဗ္ဗညုတဥာဏ်တော်ကိုရရှိတော်မူခြင်း။
၎။ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏အင်ကြင်းဥယျာဉ်၌မြတ်စွာဘုရားရှင ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သား ထိုက်သော ဤကဆုန်လပြည့်နေ့အားဘုရားနေ့(ဗုဒ္ဓနေ့)ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့ကအထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်း မရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲ များ ပြုလုပ်ပူဇော်လျက် ရှိကြလေသည်။
( အရှင်ဝိမလဝံသ- နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
No comments:
Post a Comment