Saturday, March 15, 2014

“ဂါရဝတရားနှင့် နိဝါတတရား´´

“ဂါရဝတရားနှင့် နိဝါတတရား” အဆူဆူပွင့်တော်ကြတဲ့ဘုရားရှင်တို့ဟာလောကရဲ့ ကြီးပွားရေးတရားတွေကိုလည်းပဲ သိတော်မူတာပဲ။ ဓမ္မရဲ့ ကြီးပွားရေးတရားတွေကိုလည်းပဲ ဘုရားရှင်တို့ဟာ သိတော်မူတာပဲ။ ဒါကြောင့်လောကမှာရှိတဲ့လောကဓမ္မ နှစ်ဌာနတို့ရဲ့ ကြီးပွားရာ ကြီးပွားကြောင်းတိုးတက်ရာ တိုးတက်ကြောင်းဓမ္မကောင်းတွေကို ရွေးချယ်ပြီးတော့မှ အဆူဆူသောဘုရားရှင်တို့ဟောကြားတော်မူခဲ့ကြတယ်။ အဆူဆူသောဘုရားရှင်တို့ဟောကြားတော်မူခဲ့တဲ့ လောကကြီးပွားကြောင်းတွေကို လိုက်နာကျင့်သုံးကြတဲ့ သူတိုင်းဟာ လောကရဲ့ကြီးပွားရေးရကြတာပဲ။ အဆူဆူသောဘုရားရှင်တို့ရဲ့ကြီးပွားကြောင်းတွေကို နာကြားလိုက်နာကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်များဟာဓမ္မရဲ့ ကြီးပွားရေးတွေကို ရကြတာပဲ။ ဒါကြောင့် ဘုရားရှင်ကိုယ်တော် မြတ်တို့ကတော့လောကရဲ့ ကြီးပွားရေးလည်းပဲကြည့်တယ်။ သိတယ်။ ပြီးတော့ ဟောတာပဲ။ အဲဒီလို လောက ဓမ္မ နှစ်ဌာနတို့ရဲ့ ကြီးပွားရေးတွေ ကြည့်ပြီး၊သိပြီး၊ဟောကြားခဲ့တဲ့ အဆူဆူဘုရားရှင်တို့ရဲ့ သာသနာတော်မှာ (၃၈) ဖြာ မင်္ဂလာတရားဆိုတာရှိတယ်။ အသေဝနာစဗာလာနံကစပြီးအဲဒီတရားတွေဟာ လောကရဲ့ကြီးပွားရေးလည်းပဲဖြစ်တယ်။ ဓမ္မရဲ့ ကြီးပွားရေးလည်းပဲဖြစ်တယ်။ လောကဓမ္မနှစ်ဌာနတို့ရဲ့ ကြီးပွားရေးလည်းပဲ ဖြစ်တယ်။ အဲဒီကြီးပွားရာ ကြီးပွားကြောင်း(၃၈)ဖြာ မင်္ဂလာကို ●လူမျိုးရွေးဖို့ မလိုဘူး။ ●ဘာသာရွေးဖို့ မလိုဘူး။ ●အသားရောင်ခွဲခြမ်းဖို့ မလိုဘူး။ ●ဆင်းရဲချမ်းသာခွဲခြမ်းဖို့ မလိုဘူး။ ●အယုတ်အနိမ့်ခွဲဖို့ မလိုဘူး။ ကျင့်ကြံ ကြိုးကုတ် အားထုတ်သူတိုင်းဟာ ကြီးပွားမှုကို ရကြတယ်။ ချမ်းသာမှုကို ရကြတယ်။ အဲဒီထဲက ♦ဂါရဝေါစ- ရိုသေထိုက်သောသူကို ရိုသေခြင်းဟာ လောကရဲ့ကြီးပွားလည်းဟုတ်တယ်။ဓမ္မရဲ့ ကြီးပွားရေးလည်းဟုတ်တယ်။ ♦နိဝါတ- မိမိကိုယ်မိမိ နှိမ်ချနေခြင်ဟာလည်း မိမိကိုယ်မိမိ နှိမ်ချနေခြင်း၊ပြောခြင်း၊ ပြုလုပ်ခြင်းစတဲ့ နိဝါတ မင်္ဂလာဟာလည်းပဲ လောကရဲ့ကြီးပွားရေး၊ဓမ္မရဲ့ ကြီးပွားခြင်းဖြစ်တယ်။ ဒီတော့ ဂါရဝဆိုတဲ့ ရိုသေလေးစားထိုက်တဲ့ပုဂ္ဂိုလ်ဆိုတာ မိတွေ၊ ဖတွေ၊ ထားပါတော့ လိုရင်းပြောရအောင်၊မိမိရဲ့ ဥာဏ်ပညာကို ဖွံ့ဖြိုးအောင်သင်ကြားပြသပေးတဲ့ သူဆိုတဲ့ တရားရှိတယ်။ ■အဲဒီပုဂ္ဂိုလ်များကို ရှေးရှေး သူတော်ကောင်းကြီးတွေက တယ်ပြီးတော့ လေးစားကြတယ်။ မြတ်နိုးကြတယ်။ အနီးကပ်ပြောရရင် အမတ ဆိုတဲ့မသေရာ နိဗ္ဗာန်ကိုရှာတဲ့ ရှင်သာရိပုတ္တရာလောင်းဖြစ်တဲ့ ဥပတိဿဟာ မသေရာတရားရှာတယ်။ မသေတရားကို သိချင်တယ်။ မသိဘူး။ အဲဒီလိုနဲ့ အမတဆိုတဲ့မသေရာတရားကို ရှာရင်းရှာရင်းနဲ့ ရှင်အဿဇိနဲ့ ရာဇဂြိုဟ်မှာ တွေ့တော့ တရားတိုလးတစ်ပုဒ်ဟောပါ။ မသေရာတရားကို ရှာနေတယ်ဆိုတော့ ဟိုက သစ္စာလေးပါးတရားဟောတယ်။ ယေဓမ္မာဟေတုပ္ပဘဝါ၊တေသံဟေတုံတထာဂတော။ တေသဉ္စယောနိဝါဓော၊ဧဝံဝါတေ မဟာသမဏော။ ဆိုတဲ့လေးပါဒတစ်ဂါထာသစ္စာလေးပါးအကုန်လုံး အကျုံးဝင်တယ်။ ဒါ ဒုက္ခသစ္စာပဲ။ ဒါသမုဒယသစ္စာပဲ။ ဒါဒုက္ခ သမုဒယနှစ်ပါးတို့ ငြိမ်းရာနိရောဓသစ္စာပဲ။ အဲဒီ နိဗ္ဗာန်ရောက်ဖို့ ရဖို့လျှောက်ရမယ့်လမ်း၊ ကျင့်ရမယ့်လမ်းဟာ ဒီမဂ္ဂင်(၈)ပါးပဲဆိုပြီးတော့ သစ္စာလေးပါးလေးပါဒနဲ့ ဟောလိုက်တယ်ဆိုရင် သူသောတာပန်တည်သွားတယ်။ ပုထုဇဉ်တို့ရဲ့ဘဝ သိပ်ကြောက်စရာကောင်းတယ်။ ထိတ်လန့်စရာ၊ ကြောက်စရာ၊လန့်စရာ၊ဂတိရေးရာ မသေချာတဲ့ ပုထုဇဉ်ဘဝက ဂတိရေးရာသေချာတဲ့ သောတာပန်အရိယာနယ်ကိုရောက်စေတဲ့ တို့အရှင်အဿဇိ ရဲ့ ကျေးဇူးကို အရှင်သာရိပုတ္တရာ ဘယ်တော့မှ မမေ့ဘူး။ သမ္ဗောဓိ ပရာယနော၊သောတာပန် အရိယာ နယ်ပယ်ကို ရောက်သွားပြီဆိုရင်အထက်မဂ် အထက်ဖိုလ်ဆိုတာ လက်တစ်ကမ်းပဲ။ ဒီမဂ်လိုချင်တယ်။ လှမ်းယူ၊ ဟိုမဂ်လိုချင်တယ်ဆိုလှမ်းယူ။ ဒီဖိုလ်ဟိုဖိုလ်လှမ်းယူ အကုန်ရ။ ပုထုဇဉ်နယ်ပယ်ကအရိယာနယ်ပယ်ကို ရောက်အောင်ပို့ပေးတဲ့ငါ့ဆရာသည် အရှင်အဿဇိပဲလို့။ နောက်ဆုံး အထက်မဂ်အထက်ဖိုလ်တွေရလို့ ရဟန္တာဖြစ်၊ မြတ်စွာဘုရားရှင်ရဲ့လက်ယာဘက်မှ ရှင်သာရိပုတ္တရာမှလွဲပြီးတပါးနေခွင့်ရတာမှမဟုတ်ဘဲ။ ■ဗုဒ္ဓရဲ့ လက်ယာတော်ရံ ပညာတော်ဧတဒဂ် ဘယ်လောက်ပဲဂုဏ်တွေကြီးကြီး၊ ဘယ်လောက်ပဲ ဂုဏ်တွေရှိရှိ ပုထုဇဉ်ဆိုတဲ့ ကိလေသာထူပြောတဲ့ နယ်ပယ်က သောတာပန်အရိယာနယ်ပယ်ကိုရောက်အောင်ပို့ပေးတာ ငါ့ဆရာရှင်အဿဇိပဲဆိုပြီးရှင်အဿဇိရှိရာ လက်အုပ်ကလေးချီပြီး နေ့စဉ် နေ့စဉ် ရှိခိုးလေ့ရှိတယ်။ ငါ့ဆရာရှင်အဿဇိ ဘယ်မှာသီတင်းသုံးလဲ၊သီတင်းသုံးရာ ရှင်အဿဇိ ရှိရာ လှည့်ပြီးတော့ခေါင်းပြူအိပ်တယ်။ အဲဒီလို ဂါရဝကြီးမားတဲ့ ပုဂ္ဂိုလ်များ နှလုံးမူပြီးတော့ လောကဓမ္မနှစ်ဌာနကြီးပွားကြောင်းဖြစ်တဲ့ ဂါရဝတရားတွေ ဟာမိမိသန္တန်ရှိစကောင်းတယ်။ ရှင်အာနန္တာကြည့်လည်းဒီအတိုင်းပဲ။ ကိလေသာထူပြောတဲ့ပုထုဇဉ်နယ်ထဲမှာ ယောင်လည်လည်ဖြစ်ပြီးတော့ နေခဲ့တဲ့ရှင်အာနန္ဒာဟာ ရှင်ပုဏ္ဏနဲ့တွေ့တော့မှ ဒါရုပ်၊ဒါနာမယ်၊ ဒါအနိစ္စ၊ဒုက္ခ၊ အနတ္တဆိုပြီးတော့ ရုပ်နာမ်ကို သိစေတဲ့ဥာဏ်တွေ လက်ထဲထည့်ပေး။ အနိစ္စ ဒုက္ခ၊အနတ္တ၊လက္ခဏာကြီး(၃)ပါးကို သိမြင်တဲ့ အနုပဿနာဥာဏ်တွေ လက်ထဲထည့်ပေးတော့မှ သောတာပန်အရိယာဖြစ်သွားတယ်။ ပုထုဇဉ်နယ်ထဲက အရိယာနယ်ထဲကို ရှေးဦးစွာရောက်ခွင့်ရအောင်လုပ်ပေးတဲ့ ငါ့ဆရာ ရှင်ပုဏ္ဏဟာ ကျေးဇူးကြီးတယ်ဆိုပြီးရှိခိုးပြီးတော့ နေလေ့ရှိတယ်။ ရှင်ပုဏ္ဏရှိရာ အရပ်ကို ခေါင်းပြုပြီးတော့အိပ်လေ့ရှိတယ်။ အဲဒီလို ရှေးရှေးသူတော်ကောင်းတွေဟာ ဂါရဝတရား ကြီးမားကြတယ်။ အဲဒီ နှလုံးမူပြီးတော့မိမိတို့လည်းပဲ ရိုသေသင့် ရိုသေထိုက်၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်များကို ရိုသေလေးစားပြီးတော့နေရခြင်းဟာ မျက်မှောက်လည်းချမ်းသာတယ်။ တမလွန်လည်း ချမ်းသာတယ်။ သံသရာလည်းချမ်းသာစေတတ်ပါတယ်။ ■နောက်တစ်ခါနိဝါတမင်္ဂလာတရားနဲ့ ပြောရရင် ရှင်ရာဟုလာပြောရမယ်။ တကယ်တော့ဘုရားရှင်သားတော် ရှင်ရာဟုလာဟာ မော်မယ်ဆိုရင် မော်စရာပဲ၊ကြွားမယ်ဆိုရင် ကြွားစရာပဲ၊ လောကမှနေရင် စကြာဝတေးမင်းစည်းစိမ်ကိုပေးမယ့် လောကစည်းစိမ်ရှင်ကြီးဖြစ်ပေမယ့် သာသနာတော်ရောက်လာတယ်။ ငယ်ငယ်လေးသာမဏေအချင်းချင်းက ရဟန်းတော်အချင်းချင်းက သူရောက်ပြီဆိုရင် တောင်းတွေ ၊ပလုံးတွေ “ဟိုပစ် ဒီပစ်”ဟာ ရှင်ရာဟုလာ ပစ်ထားတာဟေ့။ ကြည့်ပါဦး။ စည်းမရှိ၊ကမ်းမရှိ၊ တပည့်တော် ရှင်းလင်းပါ့မယ်။ ကောက် “သိမ်းဆည်း“ ရှင်းလင်း၊အမှိုက်ပုံကြီးတွေ့ရင်လည်းငါ့ရှင်ရာဟုလာ ပုံထားတာ ဘာမှမလုပ်ဘူး။ ပြောချင်သလောက် ပြော ဒေါသမဖြစ်ဘူး။ မာနမဖြစ်ဘူး။ ဟုတ်ပါတယ်။ တပည့်တော်ရှင်းပါ့မယ်။ လင်းပါ့မယ်။ အဲဒီလို နိဝါတ တရားကြီးမားခဲ့တဲ့ရှင်ရာဟုလာဟာ အတုယူစရာပဲ။ ဒါကြောင့်ဂါရဝတရားနဲ့ နေရင် လောကလည်းပဲ ကြီးပွားမယ်။ သံသရာလည်းကြီးပွားမယ်။ နိဝါတမင်္ဂလာနဲ့နေရင် လောကကြီးပွားသံသရာ ကြီးပွားမယ်။ ဒါကြောင့်လောကသံသရာ ကြီးပွားကြောင်းဖြစ်တဲ့ ဂါရဝမင်္ဂလာ နိဝါတမင်္ဂလာ နှလုံးအိမ်ထဲ ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်များ၊ နှလုံးမူပြီးကျင့်သုံးနေထိုင်ကြပါလို့ အသိပေးရေးသားလိုက်ရပါသည်။ စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။ [အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]

No comments:

Post a Comment