Friday, March 14, 2014

""သဒ္ဓါဟူသည်""

"""သဒ္ဓါဟူသည်""" သဒ္ဓါဆိုတာ ဘာလဲ ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စိတ်ဝင်စားနေတာ သဒ္ဓါ ၊ ယုံကြည်တာ သက်သက် မဟုတ်ဘူး ၊ ဘုရား တရား သံဃာ ကို ယုံကြည်တယ် ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်လို့ ယုံကြည်တယ် ၊ အဲ့ဒါ လက်ခံပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ရန် စိတ်ဝင်စားနေတာကို သဒ္ဓါ လို့ ခေါ်တယ်။ သဒ္ဓါ ဆိုတာ စိတ်ဝင်စားတယ် ၊ ယုံကြည်တယ်။ သဒ္ဓါတရား မိမိစိတ်ထဲမှာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဘာလှူရင်ကောင်းမတုန်းလို့ စိတ်က လှူဖို့ တန်းဖို့ ကြံစည်လာတယ်။ သီလ ဆောက်တည်ဖို့ ၊ ဥပုသ်စောင့်ဖို့ စိတ်ကူးလာတယ်။ ကမ္မဋ္ဌာန်း အားထုတ်ဖို့ စိတ်ကူးလာတယ်။ အဲ့ဒီ စိတ်ကူးလေး ဖြစ်လာရင် ကိုယ့်သန္တာန်မှာ သဒ္ဓါ ဖြစ်ပြီလို့ မှတ်ပေတော့နော်။ အဲ့ဒီလို စိတ်ကူးမရသေးရင် သဒ္ဓါတရား မရှိဘူးလို့ ပြောရမယ်။ လှူတာ တစ်ခုတည်းတင် မဟုတ်ဘူးနော်။ ကုသိုလ်ကောင်းမှု မှာ စိတ်ဝင်စားလာတယ် ၊ အခုကြည့်လေ ၊ တရားပွဲ သွားပြီး တရားနာဦးမှပဲ ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်သူ့ကြောင့် ပေါ်လာတာတုန်း ၊ သဒ္ဓါ ကြောင့် ပေါ်လာတာ။ သဒ္ဓါ ရှိတဲ့ ပုဂ္ဂိုလ်ဟာ (၁)တရားနာချင်တယ် ၊ (၂)သူတော်သူမြတ်ကို ဆည်းကပ်ဖူးမြင်ချင်တယ် ၊ (၃)လှူချင်တန်းချင်တယ် ၊ ဒါ သဒ္ဓါ ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမှတ်အသား လက္ခဏာ ၃ ချက်ပဲ။ တရားနာချင်တာလည်း သဒ္ဓါကြောင့် ၊ သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြော်ချင်တာလ ည်း သဒ္ဓါကြောင့် ၊ လှူချင်တန်းချင်တာ တစ်ခုတည်းကို သဒ္ဓါလို့ ခေါ်တာ မဟုတ်ဘူး။ ဒါကြောင့်မို့ တာဝတိံသာ နတ်ပြည်က နတ်တွေဟာ သေခါနီး ဖြစ်တဲ့ သူတို့ မိတ်ဆွေနတ်ကို မှာလိုက်ကြတယ်။ မင်း စိတ်ကူးမလွဲ နဲ့ ၊ သုဂတိဘုံကို ရောက်အောင်သွား ၊ အကောင်းဆုံး အရာကို ရအောင်ယူ ၊ အဲ့ဒီ အကောင်းဆုံး အရာကို လက်လွှတ်ဆုံးရှုံး မခံနဲ့။ ဒီစကားလေး ၃-ခွန်း မှာလိုက်ကြတယ်။ (၁)သုဂတိဘုံသွား ဆိုတာ လူ့ပြည်သွားလို့ ပြောတာ ၊ (၂)အကောင်းဆုံးသော အရာကို ရအောင်ယူ ဆိုတာ သဒ္ဓါတရား ကို ပြောတာ ၊ (၃)အကောင်းဆုံးသော အရာကို လက်လွှတ်ဆုံးရှုံးမခံနဲ့ ဆိုတာ သဒ္ဓါတရား မပျက်စေနဲ့ လို့ ပြောလိုက်တာ။ ဘာဖြစ်လို့တုန်းဆိုရင် သဒ္ဓါတရား ရှိရင် နတ်ပြည်ရောက်ဖို့ရာ လုံလောက်သောကြောင့် ဖြစ်တယ်။ ဟောဒီ သဒ္ဓါတရား ရှိရင် ကုသိုလ်ကောင်းမှု အားလုံးဟာ ဘာမှ မခက်တော့ဘူး ၊ ဒါကို ပြောတာနော်။ လောကမှာ အောင်မြင်မှု ၊ ကြီးပွားမှု ၊ စည်းစိမ်ဥစ္စာ တွေရမှုရဲ့ အခြေခံ အကျဆုံး အကြောင်းတရားသည် သဒ္ဓါ သာ ဖြစ်ပါတယ်တဲ့ ။ အဲ့ဒါကြောင့် သဒ္ဓါကို အကောင်းဆုံး ဥစ္စာလို့ ဟောတာ ဖြစ်တယ်။ ကျန်တဲ့ ကုသိုလ်တွေက သူ့ကို အကြောင်းပြုပြီးရလာတာ ဖြစ်သောကြောင့် သူ့လောက် အဓိက မကျဘူးတဲ့ ။ အာဠဝကကြီးမေးတဲ့ ဒီမေးခွန်းရဲ့ အဖြေဟာ ဘဝ အရေးနဲ့ ပတ်သတ်တာ။ ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့ ၊ "ကိုယ့်ဘဝအရေး စိတ်အေးရအောင်" အကောင်းဆုံး ပစ္စည်းဥစ္စာဖြစ်တဲ့ သဒ္ဓါတရားကို ပိုင်ဆိုင်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ မပြည့်ဆုံသေးရင် ဘဝအရေးစိတ်အေးဖို့ ပြည့်စုံအောင် လုပ်ထားရမယ် ၊ ဟုတ်ရဲ့လား ။ ကျေးဇူးတော်ရှင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားဆုံးမတော် မူသော "ဘဝအရေး စိတ်အေးရလေအောင်" အကြောင်း တရားဒေသနာတော် မှ ကောက်နုတ်ဖော်ပြကာ ဓမ္မဒါန ပြုအပ်ပါသည်။

No comments:

Post a Comment